"ကထိန် အကြောင်း သိကောင်းစရာ"
ကထိန်
ကထိန်ဆိုသော ဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင်
ပါဠိစကားလုံးများကို မွေးဖွား အသုံးပြုထားသည်ကို များစွာ တွေ့ရသည်။ ကထိန်ဆိုသော မြန်မာစကားလုံးသည်လည်း ထိုနည်းတူစွာ မွေးစားစကားလုံးဖြစ်သည်။ အနုဇာနာမိ ဘိက္ခဝေ ၀ဿဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဆိုလိုသည်မှာ- ၀ါဆိုပြီးသော ရဟန်းတော်များအတွက် ကထိန်သင်္ကန်း ခင်းခြင်းကို ခွင့်ပြုတော်မူသည် ဟု ၀ိနည်း မဟာဝါပါဠိတော်မှာ ဘုရားရှင်ကိုယ်တိုင် နုတ်တော်မှ ထွက်လာသော မဟာကရုဏာစကားတော် ဖြစ်ပါသည်။ ကထိန်ဆိုတာ မြဲမြံခိုင်ခန့်ခြင်း ဆိုလိုခြင်း ဖြစ်သည်။ အကျိုးငါးအင် အာနိသင်များကို တပြိုင်တည်း ရနိုင်သောအမှု၊ ဘုရားစသော ပုဂ္ဂိုလ်များက ချီးမွမ်းအပ်သော အမှု၊
သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခန့်သော အမှု၊
သင်္ကန်းဖြတ်၊ ချုပ်၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်နှင့်စပ်သမျှ ခေါ်ဝေါအပ်သော စကားကို ကထိန (ကထိန်) ဟု ခေါ်သည်။
အစဉ်အလာရှိခဲ့
ကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်များ လက်ထက်တော်ကပင် ရှိခဲ့ဖူးသည်။ ဒီပင်္ကရာဘုရားရှင်မှ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမမြတ်စွာဘုရား လက်ထက်တော်ကထဲက ကထိန်ခွင့်ပြုထားသည်ကို ဗုဒ္ဓ၀ံသဋ္ဌကထာမှာ တွေ့နိုင်ပါသည်။ ထိုဘုရားရှင်လက်ထက်တော်၌ ဥသဘ၀တီမြို့သူ မြို့သားတို့သည် အဂ္ဂသာဝက သာလမထေရ်မြတ်အား ကထိန်သင်္ကန်း လှူခဲ့သည်။ ထိုကထိန်သင်္ကန်း ချုပ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် အပ်ချည် ကိုးပေါက် အပ်နဖားထိုးပေးခဲ့သည်ဟု တွေ့ရသည်။
လက်ဆင့်ကမ်းလာသော ကထိန်
လက်ရှိကမ္ဘာတွင် ဂေါတမမြတ်စွာဘုရား လက်ထက်တော်မှာလည်း ထိုကထိန်နှင့်ပတ်သက်သည့် အစဉ်အလာ ရှိခဲ့ည်။ ပါဝေယျတိုင်းသား ဘဒ္ဒ၀ဂ္ဂီ ညီနောင် ၃ ကျိပ်တို့ကို အကြောင်းပြု၍ ကထိန်သင်္ကန်း ဖြစ်လာသည်။ ကောသလမင်းကြီးနှင့် ညီအကိုတော်သော ဘဒ္ဓ၀ဂ္ဂီညီနောင်တို့သည် မိန်းမတစ်ယောက်ပျောက်၍ မိန်းမရှာ ထွက်လာစဉ် အရှင်ဂေါတမသည်လည်း ဘုရားဖြစ်ခါစ ဥရုဝေဠတောသို့ ကြွလာရာမှာ တွေ့စုံမိကြသည်။ ထိုညီနောင် သုံးကျိပ်တို့တွင် ဘုရားရှင်၏တရားတော်ကို နာကြားရ၍ အချို့ သောတာပန်၊ အချို့က သဒါဂမ်၊ အချို့သော သူများက အနာဂါမ်အဖြစ် တရားထူးများ ရရှိကာ ဧဟိဘိက္ခု ရဟန်းဖြစ်ခဲ့ကြသည်။ ဧဟိဘိက္ခု- ငါ့ရှင်ရဟန်းတို့ လာကြဟု ခေါ်လိုက်ရုံဖြင့် သူတို့၏ ရှေးဘုန်းရှေးကံကြောင့် အလိုအလျောက် ရဟန်းအသွင် ဖြစ်သွားကြသည်။ ထို့နောက် ထို ညီနောင်ရဟန်းတော်တို့သည် တခုသော နေရာတွင် တောရဆောက်တည်ခြင်း စသော ဓုတင်အကျင့်များကို ကျင့်ကြံ အားထုတ်ကြသည်။ ထိုရဟန်းတော် ညီနောင်တို့သည် ဓုတင်အကျင့်များ ကျင့်ရင်း ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားဖူးကြွရာ ၆ ယူဇနာ ခရီးဝေးသဖြင့် သာဝတ္ထိမြို့ ၀ါဆိုမီ မရောက်နိုင်ကြ။ လမ်းခရီး သာကေတမြို့မှာပဲ ၀ါဆို (၀ါကပ်) တော်မူလိုက်ကြသည်။ သီတင်းကျွတ်လပြည့်နေ့ ၀ါကျွတ် ပ၀ါရဏာပြုပြီး နောက်တနေ့ သာဝတ္ထိမြို့သို့ ဘုရားဖူးရန် ခရီးဆက်ခဲ့ကြသည်။ လမ်းခရီးမှာ မိုးသည်းထန်စွာ ရွာသွန်းချသဖြင့် ရဟန်တော် ညီနောင် အားလုံး မိုးမိကာ ရေ၊ ရွှံ့ညွှန်၊ တို့ဖြင် ညစ်ပေနေလျက် ဘုရားရှင်အား ဖူးမျှော် ကန်တော့ကြသည်။ ထိုဖြစ်ရပ်ကို အကြောင်းပြု၍ ကထိန်သင်္ကန်း ခွင့်ပြုတော်မူသည်။
မှတ်ချက်။ ။ ၀ါတွင်း မိုးမိ၍ ၀ါဆိုသင်္ကန်းခွင့်ပြု၊ ၀ါကျွတ်မိုးမိ၍ ကထိန်သင်္ကန်းခွင့်ပြု။ ဘုရားရှင်က သူ့သား တပည့်ရဟန်းတော်များကို သင်္ကန်းဝတ်စရာနှင့် ပတ်သက်ပြီး မပင်ပန်းစေချင်တဲ့ မဟာကရုဏာဖြင့် သင်္ကန်းများ ခွင့်ပြုဟန်ပင်ဖြစ်သည်။
ပေါ်ပေါက်လာပုံ
ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကရဠတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။ ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ ကေတပြည်မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ်ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည် ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။
ကထိန်ပွဲတော်ကို ’မိုးလကုန်စဲ ကထိန်ပွဲ’ ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်း လှူဒါန်းလေ့ရှိသည်။ ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြား လျှောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။
ကထိန်ခင်းရန် ကိစ္စ ၈-ပါး
၁။ ကထိန်သင်္ကန်းကို အလှူခံမှု၊
၂။ ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊
၃။ ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊
၎။ တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊
၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊
၆။ သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်မှု၊
၇။ နှုတ်မြွက်၍ ခင်းမှု၊
၈။ အနုမောဒနာပြုမှု။
ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါး
၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာ ကထိန်ခင်းထိုက်သည် ဆို၏။
၁။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊
၂။ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊
၃။ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊
၎။ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊
၅။ မာတိကံ- မာတိကာကို သိထားရခြင်း၊
၆။ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊
၇။ ဥဒ္ဓါရံက ထိန်နှုတ်ပုံကို သိထားရခြင်း၊
၈။ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။
ကထိန်သည် ဘယ်သူ့အတွက်လဲ?
ကထိန်သင်္ကန်းသည် ပုဂ္ဂလိက (ပုဂ္ဂိုလ်) ကို ရည်မှန်း၍ မလှူရ၊ စတုဒိသာ-အရပ်လေးမျက်နှာမှ သံဃာတော် အားလုံးကို ရည်ရွယ်၍ လှူရပါသည်။ ဣမံ ကထိနစီဝရံ သံဃဿ ဒေမ။ ဥတ်ကထိန်သင်္ကန်းကို သံဃာထုတဲတွင် သင်္ကန်းရှားပါးသူကို ရွေးချယ်ပြီး လှူဒါန်းရပါသည်။ ထိုကဲ့သို့ ရွေးချယ်ရာဝယ် သင်္ကန်းရှားပါးသူမရှိပါက အကြီးဆုံး မထေရ်ကြီးကို လှူရပါသည်။ ဒါဆို ကထိန်သင်္ကန်းလှူတော့ ဘာအကျိုးရှိလဲ မေးစရာရှိလာတယ်၊ ဘယ်အကျိုးမျှော်ကိုး၍ ကထိန်သင်္ကန်းများ လှူကြသလဲ မေးစရာဖြစ်လာပါတယ်။ ကထိန်းသင်္ကန်းလှူခြင်းကြောင့် အကျိုးငါးပါးရတယ်ဆိုတာ ယနေ့ခေတ် လူအတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ သို့သော် ကထိန်အကြောင်းပြောကြပြီဆိုတော့ ထိုအကျိုးငါမျိုးကိုတော့ ချန်ထားလို့ မဖြစ်ပြန်။
ကထိန်အာနိသိသင် ၅-ပါး
အလှူရှင်များက ရဟန်းတို့အား မအပ်စပ်သော အသုံးအနှုန်းများဖြင့် ဆွမ်းပင့်ဖိတ်ကပ်သော်လည်း အပြစ်မသင့်။ ဥပမာ-ရဟန်းတော်များ ထမင်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲ ဘုန်းပေးကြွပါ၊ မုန့်ဟင်းခါး ဘုန်းပေးကြွပါ ဟူသော အသုံးနှုန်းဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကို လက်ခံပါက ရဟန်းတော်များအား အပြစ်ဖြစ်သည်၊ ထိုအသုံးနှုန်းဖြင့် ပင့်ဖိတ်ခြင်း လက်မခံအပ်။ ဆွမ်းဘုန်းပေးကြွပါ၊ ခေါက်ဆွဲဆွမ်း ဘုန်းပေးကြွပါ၊ မုန့်ဟင်းခါးဆွမ်း ဘုန်းပေးကြွပါ စသည်ဖြင့် ဆွမ်းဆိုတဲ့ အသုံးအနှုန်း ပါရှိရပါသည်။ ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး ၅-ပါး ဖြစ်သည်။
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊
၂။ အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊
၃။ အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊
၎။ ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအား လှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း
ယခုပြဆိုသော အကျိုး ၅ ပါးကို ကထိန်ခင်းသော ရဟန်းနှင့် ကထိန်းခင်းရာဝယ် နှုတ်ဖြင့် ၀မ်းမြောက်နုမော် သာဓုခေါ်သော ရဟန်းအားလုံး ကထိန်းခင်းသည့်နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားခွင့်ရှိသည်။
မှတ်ချက်။ ။ ၀ါကျိုးဝါပြတ်သော ရဟန်း၊ ပစ္ဆိမ၀ါကပ်သော ရဟန်းများနှင့် အခြားကျောင်းမှာ နေသော ရဟန်းများ ထိုအကျိုး ၅ မျိုးကို ခံစားခွင့်မရှိ။ သို့သော်လည်း ကင်္ခါဋီကာသစ်မှာတော့ ကထိန်မခင်းသော်လည်း သင်္ကန်းကာလ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ နံပါတ် (၂) အကျိုးကလွဲ၍ ကျန် အကျိုးအာနိသင် ၄ ပါးကို ခံစားခွင့်ရှိသေးသည်ဟု ဆိုထားသည်။
သင်္ကန်းသုံးမျိုး
ကထိန်ခင်းရန်အတွက် ဘုရားရှင် ခွင့်ပြုတော်မူခဲ့သော သင်္ကန်းသုံးမျိုး ရှိသည်။
၁။ သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး
၂။ ဥတ္တရာသင်္ဂေါ- ကိုယ်ဝတ်ခေါ် ဧကသီ
၃။ အန္တရ ဝါသကော ခါးဝတ်ခေါ် သင်းပိုင်
ကထိန်မြောက်သော သင်္ကန်းများ
~သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
~ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
~ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
~မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
~ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
~ကထိန်ခင်းမည့်နေ့မရောက်မှီ ကျောင်းကို ကြိုတင်ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကိုပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
~ကထိန်ခင်းသည့်နေ့တွင် အိမ်ကြီး အိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။
ကထိန် မမြောက်သော သင်္ကန်းများ
~နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။
~ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။
~ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
~ခေတ္တငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
~ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
~ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
~ကထိန်ခင်းသည့်နေ့တွင် အိမ်ကြီး အိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။
ကထိန်သင်္ကန်းအား ညတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ကထိန် ညတ်သင်္ကန်းဆိုသည်မှာ..
ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ညတ္တိဒုတိယ ကမ္မ၀ါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ညတ်သင်္ကန်းကြီးဟု ခေါ်ကြပါသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ညတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့်လည်း လှူဒါန်း နိုင်ပါသည်။
ကိုးကား
↑ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက
↑ (မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
↑ (မဟာဝဂ္ဂပါဠိတော် ၊ စာမျက်နှာ ၃၅၃)
↑ (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-၀ဂ်၊ အတွဲ-၅၊ ၁၉၉။)
Credit': Minlwannaung
Comments
Post a Comment